News
2023.01.24
၁။ ကွယ်လွန်သူပိုင် အိမ်၊
မြေ သို့မဟုတ် မြေကွက်ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို
အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင်
ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော
တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ဥပဒေနှင့်အညီ
ပြုလုပ်နိုင်ခွင့် ရှိပါသည်။
၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်
အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနဦး မြေပုံမြေရာဇဝင် ကူးယူရပါမည်။
၃။ အမည်ပေါက်ပိုင်ဆိုင်သူ
အမှန်တကယ် သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။
၄။ မြေပုံမြေရာဇဝင် ကူးယူရာတွင်
အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြားအမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊
ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန်လွှာ ပြုလုပ်၍
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့်
ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင်
မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များ နှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ
ပေးသွင်းရခြင်း ပြုလုပ်ရပါမည်။
၅။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင်
ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက်
မြေပုံမြေရာဇဝင် ထုတ်ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ
အထောက် အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက
စဉ်းစားပေးမည် မဟုတ်ပါ။
(မှတ်ချက်။ ။အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင်
ကြော်ငြာရန် မလိုအပ်ဟု သိရှိ ရပါသည်။)
၆။ ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်းနှင့်
အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင်ရွက်နိုင်ခွင့် ရှိပါသည်။ အဓိကလိုအပ်ချက်မှာ
စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။
၇။ အကယ်၍ အမွေဆိုင် တစ်ဦးတစ်ယောက်မှာ
ခရီးလွန်နေပါက အထူးကိုယ်စားလှယ် ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်
ရှိပါသည်။
(မှတ်ချက်။ ။အမွေဆိုင် တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ
တရားဝင်မည် မဟုတ်ပါ။ သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ
စာချုပ်မှာ တရားဝင်မည် ဖြစ်ပါသည်။)
၈။ အထူးသတိပြုသင့်သော အချက်မှာ
အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်
ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနဦးကပင် ပျက်ပြယ်နေပါသည်။
၉။ အမွေထိန်းစာဖြင့်
ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ ခွင့်ပြုမိန့် ပါရှိရပါမည်။